တရုတ်တို့ငှက်ပျောသီးတစ်ခိုင်ရဲ့ နောက်ကွယ်မှာ ဘာဟာသမှမရှိဘူး(ရင်နင့်စရာကောင်းလှပါတယ်ဖတ်ကြည့်ပါ)

တရုတ်တို့ငှက်ပျောသီးတစ်ခိုင်ရဲ့ နောက်ကွယ်မှာ ဘာဟာသမှမရှိဘူး(ရင်နင့်စရာကောင်းလှပါတယ်ဖတ်ကြည့်ပါ)

ငှက်ပျောသီးတစ်ခိုင်ရဲ့နောက်ကွယ်မှာ ဘာဟာသမှမရှိဘူး။ အခုအစိုးရိမ်ရဆုံး ဖြစ်လာမှာကလည်း အဲဒီငှက်ပျောခိုင်ပဲ။ လက်ရှိမှာ တချို့လယ်သမား၊ တောင်ယာသမားအများစုဟာ လာမယ့်လတွေအတွက် ရာသီအလိုက်စိုက်ရမယ့် စိုက်ပျိုးရေးတွေကို မလုပ်နိုင်ကြတော့ဘူး။

ချေးငွေမရတာ၊ ဆီစျေးတက်နေတာတွေကြောင့် ရှိရင်းစွဲလုပ်ကွက်တွေကို နားထားရတယ်။ လုပ်လည်း ရှုံးမယ်၊ အရဲစွန့်ရင်းလုပ်ရအောင်လည်း စိုက်ပျိုးရေးဒေသတွေမှာ စစ်ပွဲတွေစိပ်နေတယ်။

သိရသလောက် ပွင့်လင်းမြင်သာတဲ့ စိုက်ပျိုးရေးဒေသတွေမှာတောင် အသိမိတ်ဆွေလယ်သမားတချို့ဟာ ဘာလုပ်ရမှန်းမသိဖြစ်နေကြပြီ။ ဒါတောင်သူတို့က ဧကရာဂဏန်းပိုင်တဲ့ လယ်ရှင်တွေ။ သူများလယ်ငှားလုပ်ရသူတွေဆို ပိုကြပ်နေကြတယ်။

ဒီတော့ နောက်မှာကပ်ပါရင်း ဖြစ်လာမှာက ထုံးစံအတိုင်း လယ်ယာကိစ္စတွေပါပဲ။ ဒီနေရာမှာ “ကိုယ်လုပ်မှ ကိုယ်စားရမယ်” ဆိုတဲ့ အမြင်ရှိတဲ့ လူတန်းစားတစ်ရပ်ကို ပေရှည်ချင်တယ်။

၂၀၀၅ ခုနှစ်အလွန်မှာ မြန်မာရဲ့ တရုတ်ဘိန်းစိုက်ခင်းယဥ်ကျေးမှုဟာ တော်တော်လျော့လာခဲ့တယ်။ ကမ္ဘာ့စျေးကွက်အရရော၊ ပေါက်ဖော်တွေ နာမည်ပျက်တာကြောင့်ရောကြောင့် မူပြောင်းဖို့လုပ်ခဲ့ကြတယ်။ ဒီတော့ပေါက်ဖော်တွေရဲ့ နိုင်ငံဖြတ်ကျော်ဝါဒ (Transnationalism) အသစ်ထဲ ဘိန်းနဲ့နီးတူ ငွေရမယ့် မူတစ်ခုကို ကြံလာခဲ့တယ်။

Agriculture ဖက်နဲ့ပေါ့။ ငှက်ပျော၊ ရာသီပေါ်အသီးနဲ့ ရာဘာကို ဘိန်းနေရာမှာ အစားထိုးခဲ့တယ်။ မြန်မာအထက်ပိုင်းနဲ့ အလယ်ပိုင်းကို ရေတိုစီမံကိန်းအတွက် အဓိကသုံးပြီး အောက်ပိုင်းကိုတော့ ရေရှည်စီမံကိန်းအတွက် သုံးခဲ့တယ်။

ဒါကြောင့် အစပိုင်းနှစ်တွေမှာ ရာဘာခင်းတွေက အောက်ပိုင်းဒေသမှာ ပိုများခဲ့တယ်။ အထက်ပိုင်း: ကချင်မှာတော့ နံနတ်၊ ငှက်ပျောနဲ့ ရာသီပေါ်တွေ ပိုများခဲ့တယ်။ ဒါပေမဲ့ သူ့ဟာသူစိုက်စားတယ် မထင်နဲ့။

ကချင်စစ်ပွဲတွေကနေ စစ်ဘေးရှောင်ခဲ့ရရာက လယ်ယာမြေပါ အသိမ်းခံရမှုဟာ သိန်းစိန်ခေတ်မှာ ဟက်တာထောင်ဂဏန်းအထိရှိခဲ့တယ်။ စစ်ပွဲငြိမ်လို့ ကိုယ့်လယ်ကိုယ်ပြန်ချိန်မှာ အသိမ်းခံထားရတဲ့ ကချင်တွေမှ ဒုနဲ့ဒေးပဲ။ လုပ်စရာလယ်မရှိတော့ ပြည်ပ၊ ပြည်မနဲ့ ဖားကန့်ကို ရောက်ကုန်ကြတယ်။


ဖားကန့်ကလည်း ပေါက်ဖော်လက်ဝါးကြီးအုပ်ထားတော့ နှစ်သီးစားပေါ့။ ထပ်တိုးအနေနဲ့ ရာဘာတွေစိုက်ခဲ့တယ်။ ကချင်အများစု ဘဝပျက်ခဲ့ကြရတယ်။ ဒီအရေးကို ကချင် Environmental Activst တွေဟာလည်း အချိန်မှီပဲ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဖမ်းခံရသူခံရ၊ ဒေသခံ ဆန္ဒထုတ်ဖော်မှုတွေကို ဖိနှိပ်လိုနှိပ်နဲ့ ပျောက်သွားခဲ့တယ်။

( Activist ကိုငြိမ်းမင်းထက်ဟာ Tha Khin Sit ကုမ္ပဏီက ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ သတင်းထောက်နှစ်ယောက်လိုပဲ ကချင်ငှက်ပျောခင်းအရေးအတွက် ပထမဆုံးလှုပ်ရှားခဲ့တဲ့ အဖိနှိပ်ခံ Activist ဆိုတာ Social Mediaမှာ အရာသွင်းမခံရတဲ့ သမိုင်းပေါ့။ ) စစ်ပွဲတွေကြား စစ်ဘေးရှောင်ရင်း ကိုယ့်လယ်ပါအသိမ်းခံရ ဒေသခံတစ်ယောက်နေရာကနေ ခံစားကြည့်ရင် ကချင်တွေကို နိုင်ငံရေးလော်ဘီ post တွေလောက် ပြည်မကလူတွေ အာရုံမရှိခဲ့တာကို ဝန်ခံရလိမ့်မယ်။

ဒီနိုင်ငံမှာ NLD လက်ထက်အထိ ဘာအာဏာမှမရှိတဲ့ Activst တွေကိုပဲ ရင်းခဲ့တာ အများအပြားပါ။ အဆုံးသတ်မှာ ကချင်ဒေသခံသိန်းချီဟာ တရုတ်ငှက်ပျောခင်းတွေကြောင့် ဒီဆယ်စုနှစ်ထဲ ဘဝပျက်ခဲ့ရတယ်။ ဒါဟာ Ecosystem အတွက် စိုက်ခင်းထဲက ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အလွန်အကျွံသုံးမှုကနေ ဖြစ်လာတဲ့ Environmental Effect နဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို ထည့်မတွက်ထားဘူး။

ကျောက်ဖြူ မဒေးကျွန်းကို တရုတ်ဟာ အလွယ်လေးသိမ်းခဲ့တာပါ။ ကျောက်ဖြူစီးပွားရေးအထူးဇုန်ကလည်း တချို့ရခိုင်တွေအဖို့သာ အလုပ်အကိုင်အခွင့်အလမ်းရတယ်၊ ရခိုင်အတွက် တိုးတက်မှုလို့ အော်ခဲ့ကြတာ။ တကယ်တမ်း ရခိုင်တွေရခဲ့တာက ဆိုးကျိုးချည်းပဲ။ နေ့စဥ် စည်ပေါင်းငါးသိန်းနီးပါးရှိတဲ့ ရခိုင်သယံဇာတတွေဟာ တရုတ်ဆီတိုက်ရိုက်ရောက်ခဲ့သလို ဒေါ်လာဘီလီယံဆယ်နဲ့ချီတဲ့ ငွေပမာဏဟာလည်း တစ်ဖက်ကိုရောက်ခဲ့တယ်။ မဒေးကျွန်းက ရေနံတင်ဆိပ်ကမ်းတစ်ခုတည်းရဲ့ အကျိုးပမာဏဟာ နိုင်ငံရဲ့ တစ်နှစ်စာ GDPနဲ့ မတိမ်းမယိမ်းပါ။

ဒါပေမဲ့ ရခိုင်တွေ ဘဝနာခဲ့ရတာကလွဲရင် ယနေ့ထက်ထိဘာအကျိုးမှ မခံစားရသေးဘူး။ ပိုဆိုးတာက အလုပ်အကိုင် အခွင့်အလမ်းပါ။ အဲဒီ Field တွေကနေ ရခိုင်တွေ ဘာဘဝအာမခံချက်မှ မရတဲ့အပြင် အနာဂတ်ပါရင်းခဲ့ရတယ်။ ဒီနေရာမှာ ထည့်ပြောချင်တာတစ်ခုက ရခိုင်က Environmental NGO တချို့ပါပဲ။ သူတို့လောက်စိုးရိမ်ပြ၊ သူတို့လောက် စာရင်းဇယားရွတ်ပြ၊ အစည်းအဝေးလုပ်ပြကြပေမယ့် တကယ်လှုပ်ရှားခဲ့ရတာက လူမသိသူမသိ Activist တွေပါ။ အဖမ်းခံကြရတယ်။ ထောင်ထဲသုံးလေးနှစ် နေခဲ့ကြရတယ်။

ပြောချင်တာက ရခိုင်ရဲ့ Environmental Security ကို ပြောင်းလဲချင်ရင် ရခိုင်ဒေသတွင်း Activist တွေနဲ့ ရခိုင် Environmentalist တွေကို နေရာပေးမှရလိမ့်မယ်။ တခြားနည်းမရှိဘူး။ နောက်တစ်ချက်က ပုဇွန်ကန်ကိစ္စပါ။ ရခိုင်ကလယ်ယာမြေတချို့ဟာ ပုဇွန်ကန်ဖြစ်ခဲ့တာ ကျုပ်ကလေးဘဝတည်းကပါ။ အလုပ်အကိုင်အခွင့်အလမ်းလို့ ခေါင်းစဥ်တပ်ပေမယ့် တကယ့်တမ်း ရခိုင်ရဲ့ပုဇွန်ကန် Field ဟာ တရုတ်ရဲ့ကျောက်ထောက်နောက်ခံထားမှုတွေ ပါဝင်နေခဲ့တယ်။

ပုဇွန်ကန်တွေကြောင့် အခြေခံလူတန်းစားရခိုင်တွေ အဆင်ပြေခဲ့တယ်လို့ မကြားဖူးတာက ဝန်ခံရလိမ့်မယ်။ ဒီအကျိုးဆက်က Ecocide State ဖြစ်လာတဲ့ လက်ရှိရခိုင်ကို ပုံသွင်းခဲ့တယ်။ အဓိကတရားခံက တိုင်းရင်းသားတွေကို လုံးဝမကြည့်ခဲ့တဲ့ အစိုးရအဆက်ဆက်ဖြစ်ပြီး ဒုတိယတရားခံကတော့ ဒေသတွင်းက ရခိုင်အရင်းရှင်တွေပဲ။

အနှစ်ချုပ်ရရင် ဘယ်အရာကိုမှ အထင်မသေးပါနဲ့။ ခင်ဗျားတို့ရဲ့အမြင်မှာ လေယာဥ်စီးပြီး ငှက်ပျောခိုင်ကို သွားကြည့်တယ်ပဲ ဟာသဖြစ်နေပေမယ့် အဲဒီနောက်မှာ မကြာခင်လာတော့မယ့် ဧကသုံးထောင်ငှက်ပျောခင်း Project ပါ။ Dictatorship မှာ ဘယ်အရာမှ ဟာသမလုပ်ဘူး။ မြန်မာမှာ လယ်ယာမြေအသိမ်းခံရမှု အပေါ်ယံမှတ်တမ်းတောင် ၁.၉၆သန်းဧကရှိခဲ့တယ်။ အခုထိသန်းနဲ့ချီ အသိမ်းခံထားရဆဲပဲ။

ဒီနောက်ကွယ်မှာ သောင်းနဲ့ချီတဲ့ လယ်သမားတွေ မျက်ရည်ကျခဲ့ရ၊ မိသားစုလိုက် ဘဝပျက်ထားခဲ့ကြရတယ်။ ဘယ်အရာမှ ဟာသမရှိဘူး။ Screen လေးတစ်ခုမှာမြင်တဲ့ ငှက်ပျောတစ်ခိုင်ရဲ့နောက်မှာ လယ်သမားရာချီရှိနေပါတယ်။ ပြောချင်တာကတော့ လက်ရှိမှာ စစ်ပြေးဒုက္ခသည်တွေထဲ လယ်စွန့်ယာစွန့်ပြေးနေရတဲ့ လယ်သမားအများစုပါနေပါတယ်။ ဒီနောက်ကွယ်မှာ အမြန်လုပ်လာတော့မယ့် Project တွေဟာ ဟာသဖြစ်မနေခဲ့ဘူး။ ကချင်မှာ စစ်ပွဲတွေကြား ဒီလိုသာဓတွေ ပြောပြလို့မကုန်အောင် ရှိပြီးခဲ့ပြီ။ ဧရာဝတီတိုင်းနဲ့ ရခိုင်မှာ ဒီလိုဖြစ်ရပ်တွေ ပူပူနွေးနွေးရှိဆဲပဲ။ ပြောချင်တာကတော့ ငှက်ပျောသီးတစ်ခိုင်ရဲ့နောက်မှာ ဘဝပေါင်းများစွာ ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*